Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

6.9.12

မှန်းချက်နှင့် နှမ်းထွက်မကိုက်သော မြန်မာ့ပညာရေး


မြန်မာ့ပညာရေးမျှော်မှန်းချက်ဟူ၍ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ထုတ်ပြန်ခဲ့ဖူးပါသည်။ ထိုမျှော်မှန်းချက်ကို “Our Vision” ဟူ၍လည်း မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ကျောက်သားအက္ခရာတင်ကာ ကျောင်းတိုင်းတွင် အခမ်းအနားများဖြင့် စိုက်ထူစေခဲ့သည်။
          ကျောင်းတိုင်းတွင် နိုင်ငံတော်က ဤသို့ရည်မှန်းထားပါသည် ဆိုခြင်းကို ကျောင်းရှိ ကျောင်းအုပ်ကြီး အပါအ၀င် ဆရာ၊ ဆရာမများ အလွတ်ရမည်မထင်ပေ။ ဆိုရှယ်လစ် သို့မဟုတ် ကွန်မြူနစ်ဆန်ဆန် Motto များဖြင့် အလုပ်လုပ်ကြသည့် ခေတ်မဟုတ်တော့။ “Long Live the King” ဟုပြောလည်း ဘုရင်ခေတ် မှေးမှိန်ကွယ်ပျောက်တော့မည်။ဥက္ကဋ္ဌကြီးမော် သက်တော်ရှည်ပါ စေ ပြောလည်း သက်တော်ရာမကျော်နိုင်။ ကွန်မြူနစ်စနစ်လည်း ကြွေးကြော်သံများအောက်တွင် အမော ဖောက်နေရရှာသည်။
          တစ်ကြိမ်က မြို့နယ်ပညာရေးမှူးတစ်ဦးထံ ကိစ္စတစ်ခုဖြင့် ၀င်တွေ့ရင်း ဆရာမလောင်းတစ်ဦးအား အင်တာဗျူးနေသည်ကို ကြုံရသည်။ ကျွန်တော့်ဆရာကမြန်မာ့ပညာရေးမျှော်မှန်းချက်ကို ပြောပြစမ်းပါဟု မေးလိုက်သည်။ ကျောင်းရှေ့တွင် နေ့စဉ်မြင်တွေ့နေရသည့် ကျောက်သားပြင်ပေါ်မှ ရေရှည်တည်တန့်ခိုင်မြဲရန် စိုက်ထူရေးထိုးထားသည့် ထိုစာကို ဆရာမလေးက မရွတ်ပြနိုင်။ လူတွေက ကွမ်းတံတွေးမထွေးရ” “ဆေးလိပ် မသောက်ရ” “အမှိုက်မပစ်ရဆိုသည့် စာတန်းများနှင့် ရင်းနှီးနေကြသော်လည်း ထိုစာတန်းများကို လိုက်နာရ ကောင်းသည့် ကိစ္စတစ်ခုအနေဖြင့် မှတ်ယူခြင်းမရှိကြ။ 
          စာတန်းများသည် ဆန့်ကျင်စရာမဟုတ် သို့မဟုတ် အလေးထားရမှန်းသိစေရန် ပြည်သူ့နီတိ အားနည်းခဲ့ကြသောကြောင့် ဂရုမထားကြသည်မှာ ကြာလှပြီ။ ထို့ကြောင့် ကျောက်သားပြင်ပေါ် ရေးထိုးထားသည်ဖြစ်စေ၊ ရွှေချထားသည်ဖြစ်စေ မျှော်မှန်းနေသူတွေ မျှော်မှန်းသလောက် နောက်ကမလိုက်နိုင်သည့် ပညာရေးစနစ်ကို ကျွန်တော်တို့ ပြန်လည် သုံးသပ်ဆင်ခြင်သင့်ပြီဟု ယူဆပါသည်။
          “မြန်မာ့ပညာရေးမျှော်မှန်းချက်ဆိုသည့် ခေါင်းစဉ်အောက်တွင် မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်ဟု ၀ါကျတစ်ကြောင်းတည်းဖြင့် ဖော်ကြူးထားပါသည်။ အင်္ဂလိပ်လို ဘာသာပြန်ချက်တွင် ပညာရေးစနစ် (Education System) နှင့် ပညာခေတ် (Knowledge Age) ဆိုသည့် စကားလုံးများကို အထင်ရှားဆုံး ဖော်ဆောင်ထားသည်။ ပညာခေတ်ကို စိန်ခေါ်နိုင်မည့် ပညာရေးစနစ် တစ်ခုကို အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း နားလည်လိုက်ပါသည်။
          ယနေ့ပညာခေတ်ကို ကမ္ဘာ့နည်း ကမ္ဘာ့ ဟန်ဖြင့် ရင်ဆိုင်မည်လော၊ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ရင်ဆိုင်မည်လော ဆိုသည်ကိုကား ထိုမျှော်မှန်းချက်ကို ချမှတ်သူများ ဆရာ ဆရာမများကို ရှင်းလင်းစွာ အသိပေးခဲ့ခြင်း ရှိ မရှိ မသိရပေ။ ကျွန်တော်တို့ ပညာရေး လောကတွင် ကမ္ဘာ့အဆင့်ကို မျှော်ကြည့်နိုင်စွမ်းမရှိသေးသည့် ဆရာ ဆရာမများလက်အောက်၌ ကျောင်းသား ကျောင်းသူ အစို့အညှောင့်များသည် ရုန်းကန်ရန် အားအင်တွေနှင့် ပြည့်နေသော်လည်း လောင်းရိပ်မိနေကြ သေးသည်။
           ကျွန်တော်တို့သည် ဆောင်ပုဒ်များကြားတွင် နစ်မွန်းခဲ့ရဖူးသည်ကို အမှတ်ရမည်ထင်ပါသည်။ ဥပမာ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်ဆိုသည့်မျှော်မှန်းချက်မျိုး ဖြစ်သည်။ နှစ်ပေါင်းကြာသွားပါပြီ။ ယနေ့ တိုင် အာရှကိုပင် လွှမ်းမိုးနိုင်ခြင်းမရှိသေးကြောင်း ၀မ်းနည်းစွာ ကြုံတွေ့နေရပါသည်။
          စိန်ခေါ်နေသည့် ပညာခေတ်ကို ရင်ဆိုင်နိုင်မည့် ပညာရေးစနစ်ဆိုတာဘာလဲဟု သိချင်စိတ် ပြင်းပြလာသဖြင့် မွှေနှောက်ရှာဖွေမိပါသည်။ မြန်မာနိုင်ငံ အခြေခံပညာဦးစီးဌာန၏ အဓိကရည်မှန်းချက်များကို သွားတွေ့ပါသည်။ အခြေခံမကောင်းလျှင် အခြေမခိုင်တတ်သဖြင့် အခြေခံမှစတင်ကာ လေ့လာကြည့်မိခြင်းလည်း ဖြစ်ပါသည်။ အခြေခံပညာဦးစီးဌာနများသည် အောက်ပါ အဓိကရည်မှန်းချက်များဖြင့် အကောင်အထည်ဖော်နေ ကြောင်း သိရသည်။

(က) ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်း အခြေခံပညာကို ကောင်းစွာတတ်မြောက်ပြီး၊ ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သည့် ကာယ၊ ဥာဏလုပ်သားများ ဖြစ်လာစေရန်
() နိုင်ငံအကျိုး ရှေ့ရှုလျက် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးရန်အတွက် အခြေခံပညာများ ချမှတ်ပေးရန်

() ကုန်ထုတ်လုပ်မှုစွမ်းအားတိုးတက်ရေးနှင့် ထက်မြက်ရေးတို့အတွက် အထောက်အကူပြုစေမည့် သိပ္ပံပညာ ကို ဦးစားပေးရန်

() နိုင်ငံတော်၏ ယဉ်ကျေးမှု၊ အနုပညာ စာပေထိန်းသိမ်းရေးနှင့် တိုးတက်ရေးတို့အတွက် ၀ိဇ္ဇာပညာကို လည်း ဦးစားပေးရန်

() တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားနိုင်ရေးအတွက် ခိုင်မြဲသောပညာအခြေခံ တည်ဆောက်ပေးရန် တို့ဖြစ်သည်။

ပထမအချက်မှာကတည်းက ကျန်းမာသန်စွမ်းဆိုသည့် စကားလုံးနှင့် ခလုတ်တိုက်မိသည်။ ကျန်းမာ သန်စွမ်းစေရန် လက်ရှိပညာရေးက တာဝန်မယူနိုင်ပါ။ မိဘများ၏ တာဝန်သာဖြစ်ပါသည်။ ကလေးများ မိုးလင်း မိုးချုပ် စာအုပ်နှင့် ဖိသတ်ထားခြင်းခံရသဖြင့် ကျန်းမာသန်စွမ်းသူများ ဖြစ်လာစေရန်မှာ အလှမ်းဝေးလွန်းလှ သည်။ ပိုးဟပ်ဖြူလိုလို ဖြူယော်ယော်များ၊ မော်ဒယ်လို ပိန်ညှောင်များသာ ကျောင်းတွင် တွေ့နိုင်ပါသည်။ ကျန်းမာသန်စွမ်းရေးအတွက် ကိုယ်လက်လှုပ်ရှားမှုများ၊ အားကစားများကို အားပေးရပါလိမ့်မည်။
          မြန်မာနိုင်ငံကျောင်းများတွင် ကာယပညာနှင့် လေ့ကျင့်ခန်းကို ကျောင်းတိုင်းတွင် နေ့စဉ်လုပ်နိုင်ပါ သလော။ ကျောင်းတိုင်းတွင် အားကစားကွင်း၊ အားကစားရုံ၊ အားကစားခန်းမတွေ ရှိပါသလော။ ခန့်အပ်ထား သည့် ကာယဆရာဆိုသူများ လက်ရှိအနေအထားတွင် ဘယ်ချောင်ထိုးခြင်း ခံနေရနည်းတို့ကို ပြန်လည်သုံးသပ် ရန်လိုပါသည်။ တိုးပွားလာသည့် ကျောင်းသားဦးရေကို အကြောင်းပြပြီး ကျောင်းများတွင် ကစားကွင်းတွေကို စာသင်ဆောင်တွေဆောင်ပစ်သည်။ အားကစားခန်းမတွေကို စာသင်ခန်းတွေ ဖွဲ့ပစ်သည်။ ကာယဆရာတွေကို စာဝင်သင်ခိုင်းသည်။ ဘောလုံး၊ ကြက်တောင်၊ ဘတ်စ်ကက်ဘော၊ ထုတ်ဆီးတိုးရန် မပြောနှင့် ကြက်ဖခွတ်ရန် ပင် ကျောင်းများတွင် နေရာမရှိတော့။ ထိုသို့သော အားကစားနှင့် ကာယပညာကို လစ်လျူရှုထားသည်မှာ ကြာပြီဖြစ်သဖြင့် ကျောင်းသားများထဲမှ အားကစားထူးချွန်သူတွေ မမွေးထုတ်နိုင်။ အကျိုးဆက်အားဖြင့် မြန်မာ့အားကစား ဘယ်နေရာကိုမျှ မလွှမ်းနိုင်။
         နိုင်ငံတကာတွင် ကျောင်းများ၌ နေ့လည်စာကျွေးမွေးရေး စနစ်များကို ကျင့်သုံးကြသည်။ တူညီစွာ စနစ်တကျ စားသောက်နိုင်ရေး၊ ပေါင်းသင်ဆက်ဆံမှု တိုးတက်မြင့်မားရေး၊ အာဟာရဖြစ်ရေးတို့ကို ဦးတည်ကြောင်း သိရသည်။ မြန်မာနိုင်ငံကျောင်းများတွင် ကျောင်းမှ နေ့လည်စာကျွေးမွေးရေး အစီအစဉ် ယနေ့တိုင် မတွေ့မြင် ရသေးပါ။
          မူလတန်းအဆင့်တွင် သားသမီးမွေးနေ့အတွက် မိဘများ လာရောက်ပြီး အာဟာရကျွေးမွေးခြင်း ဆိုသည့် ခေါင်းစဉ်အောက်တွင် လုံးချလိုက်သည်ကများသည်။ နေ့ခင်း ထမင်းစားချိန်တွင် ထမင်းဘူး ထည့် မလာနိုင်သည့်ကျောင်းသားများ၊ မုန့်စားတန်းတွင် သူများစားနေသည်ကို ဗိုက်ဟောင်းလောင်းဖြင့် ငေးကြည့် နေရသည့်ကလေးများအတွက် ကျန်းမာသန်စွမ်းသည့်စကားမှာ အလှမ်းဝေးလှသည်။ မရှိမစားနိုင်သူများဖြင့် စာရိတ္တကောင်းမွန်သူများ မွေးထုတ်နိုင်မည်လောဆိုသည်မှာလည်း စဉ်းစားစရာဖြစ်သည်။
         ဒုတိယအချက်ဖြစ်သည့် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးရန်ဆိုသည်မှာလည်း ပြောစရာ ဖြစ်နေပါသေးသည်။ မြန်မာနိုင်ငံတွင် စက်မှုလက်မှုသိပ္ပံစသည့် အသက်မွေးဝမ်းကျောင်းမှုပညာပေးသည့် ကျောင်းများမှာ တစ်ပြည်လုံးတွက်ကြည့်မှ ၁၉၉၆ ခုနှစ်တွင် အစိုးရ စက်မှုလက်မှုသိပ္ပံ ၁၂ ကျောင်း၊ စိုက်ပျိုးရေး သိပ္ပံ ၇ ကျောင်း၊ စက်မှုလက်မှု အထက်တန်းကျောင်း ၁၇ ကျောင်း၊ စိုက်ပျိုးရေး အထက်တန်းကျောင်း ၁၀ ကျောင်း၊ ကုန်သွယ်ရေး သင်တန်းကျောင်း ၃ ကျောင်း၊ စက်ပစ္စည်း ပြုပြင်ထိန်းသိမ်းရေးကျောင်း ၂ ကျောင်း၊ လက်မှုပညာကျောင်း ၁၁ ကျောင်း၊ အိမ်တွင်းမှုသိပ္ပံ ၆ ကျောင်း၊ ငါးလုပ်ငန်းသင်တန်းကျောင်း ၂ ကျောင်း၊ ဆရာအတတ်သင်သိပ္ပံ ၁ ကျောင်းသာရှိခဲ့ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ကြည့်လျှင် မည်မျှနည်း ပါးနေသေးကြောင်း သိသာနိုင်ပါသည်။
          ကျွန်တော်တို့မြို့မှ အသက်မွေးဝမ်းကျောင်း စက်မှုလက်မှု အလယ်တန်းကျောင်းတစ်ကျောင်းနှင့် ဥပမာပေးလို့ပါသည်။ ထိုကျောင်းတွင် လက်သမားပညာရပ်များ၊ ကြိမ်ထိုးနည်းပညာရပ်များကို သင်ပေးသည်။ တစ်ချိန်က ထိုကျောင်းသားများသည် ကျောင်းမှ တတ်လာသောအတတ်ပညာဖြင့် ရပ်ကွက်အတွင်း ပြန်လုပ်စားကာ ပရိဘောဂဆိုင်ပိုင်ရှင်ကြီးများ၊ ပရိဘော ကျွမ်းကျင်ပညာရှင်များအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ကြသည်။
          သို့သော် ထိုကျောင်းတွင် ထိုပညာရပ်သင်ကြားမှုများ ယနေ့မရှိတော့။ ကျောင်းအုပ်အဆက်ဆက် ပြောင်းရင်းက ကျောင်းသို့ နိုင်ငံခြားမှထောက်ပံ့ထားသည့် ပစ္စည်းများလည်း လျော့ပါးလာသည်။ သင်ကြားပြသပေးနိုင်သည့် ဆရာတွေလည်းမရှိ။ သင်ကြားမှုအထောက်အကူပြု ပစ္စည်းတွေလည်း ပျောက်ဆုံးပြီး ထိုကျောင်း တွင် စက်မှုလက်မှုပညာ သင်ကြားပါသည်ဆိုသည့် စနစ်ပါပျောက်ဆုံးသွားခဲ့ရသည့် အဖြစ်အပျက် အမှန် တကယ်ရှိခဲ့ဖူးပါသည်။ ထိုသို့သော ပွဲပြီးမီးသေ ကျောင်းမျိုးတွေကို နုတ်လိုက်လျှင် ၁၉၉၆ ခုနှစ်ကစာရင်းတွင် ကျောင်းမည်မျှ လျှော့သွားပါဦးမည်နည်း။
          တတိယအချက်တွင် သိပ္ပံပညာကို ဦးစားပေးမည်ဆိုသဖြင့် ၀မ်းမြောက် ၀မ်းသာဖြစ်မိပါသည်။ သို့သော် ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးနှင့် ထက်မြက်ရေးအတွက်ဆိုသည့် ဆိုရှယ်လစ်ခေတ်လက်ကျန် အတွေးအခေါ်မျိုးဖြင့် တစ်ဖက်သတ်ကန့်သတ်ချက်မျိုးကို ဘ၀င်မကျမိပါ။ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီး များတွင် STEM ကို အော်နေကြပါသည်။ STEM ဆိုသည်မှာ Science, Technology, Engineering, Math တို့ ဖြစ်သည်။ ထိုဘာသာရပ်လေးခုကို ပေါင်းပြီးမှ သူတို့က သိပ္ပံဟုဆိုကြပါသည်။ သူတို့က သိပ္ပံခေတ်၊ သိပ္ပံဖြင့် ကမ္ဘာကိုစိုးမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။
ထိုဘာသာရပ်များကို ဦးစားပေးသင်ကြားခြင်းဖြင့် အမေရိကန်လိုနိုင်ငံကြီးမျိုးမှာပင် အာရှရှိ တရုတ်၊ ဂျပန်နှင့် ကိုရီးယားတို့ကို အသေအလဲ လိုက်ပြိုင်နေရသည်။ သိပ္ပံသည်သာ နိုင်ငံကြီးပွားတိုးတက်ရေးအတွက် အဖြေဟု သတ်မှတ်ကြသလို အခြေခံကျောင်းများတွင် STEM ဘာသာရပ်များကို အဓိကထားသင်ကြားပေးခြင်းဖြင့် အနာဂတ်အတွက် ပြင်ဆင်နေကြသည်။
         စတုတ္ထအချက်ဖြစ်သည့် ၀ိဇ္ဇာပညာကိုလည်း ဦးစားပေးရန်ဆိုသည်မှာ မြန်မာနိုင်ငံတွင် သတ်မှတ်ချက် တစ်ခုအတွင်းမှ ခွဲခြားမှုခံနေရသည့်အသွင်ဖြစ်နေပါသေးသည်။ ၀ိဇ္ဇာပညာကို ယူချင်၍ ယူရသည့်သဘော မသက်ရောက်ဘဲ၊ တက္ကသိုလ်ဝင်တန်းအောင်အမှတ်ဖြင့် ခွဲခြားသတ်မှတ်နေခြင်းက သဘာဝမကျပါ။ အခြေခံ အဆင့်တွင် ၀ိဇ္ဇာဘာသာရပ်များကို ထည့်သွင်းသင်ကြားခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သော်လည်း အမှတ်ဖြင့် ၀ိဇ္ဇာ သိပ္ပံကို ခွဲခြားသတ်မှတ်သည့်စနစ်မှာ ကျောင်းသားတစ်ယောက်၏အနာဂတ်နှင့် ၀ါသနာကို ကျောင်းမှ ပိုင်းခြား သတ်မှတ် ဆုံးဖြတ်ကန့်သတ်ပေးလိုက်သလို ဖြစ်နေပါသည်။
          ပိုဆိုးသည်က ၂၀၁၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော်၊ တတိယပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် ၄ မှ ဒေါက်တာ မြတ်ဉာဏစိုးက ၀ိဇ္ဇာအထူးပြု ဘာသာရပ်များကို အခြေခံပညာနှင့် အဆင့်မြင့်ပညာရေးတွင် ပိုမိုသင်ကြားပေးရန်နှင့် ၀ိဇ္ဇာဘွဲ့ရများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖော်ဆောင်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုတစ်ရပ် တင်သွင်းသွားပါသည်။
          မည်သည့်စိတ်ထား စေတနာဖြင့် တင်သွင်းသွားသည့်အဆိုဟု မပြောနိုင်သော်လည်း ခေတ်အမြင်အတွေး နောက်ကျကျန်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ကြီးအား စိတ်မကောင်းဖြစ်မိပါသည်။ ပညာမတော်၊ အမှတ်မမီဟု သတ်မှတ်ခြင်းခံရသည့် ကျောင်းသားများသည် ၀ိဇ္ဇာဘာသာရပ်တွေကိုယူနေရခြင်း၊ စာပေးစာယူကို အမြန်ဆုံးအောင်ချင်လျှင် ၀ိဇ္ဇာတွဲကိုသာယူလိုက်ဟု တိုက်တွန်းလှုံ့ဆော်မှုများကြောင့် တိုင်းပြည်တွင် ၀ိဇ္ဇာတွေများလာသောကြောင့်လော၊ သို့မဟုတ် ၀ိဇ္ဇာဆိုသည်မှာ ခေတ်နှင့် မလျော်ညီတော့သဖြင့် ခေတ်ကလက်မခံနိုင်သောကြောင့် စုပုံနေမှုများကို ဖြေရှင်းစေချင်သောကြောင့်လား၊ အခြား ပြောစရာမရှိသဖြင့် ခေတ်ကိုလျစ်လျူရှုကာ ထပြောလိုက်ခြင်းလား ကာယကံရှင် လွှတ်တော်ကိုယ်စားလှယ်ကြီးသာ သိရှိနိုင်ပါလိမ့်မည်။
          နောက်ဆုံးအချက်ဖြစ်သည့် တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားနိုင်ရေးအတွက် ခိုင်မြဲသော ပညာအခြေခံ တည်ဆောက်ပေးရန်ဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ၏ပညာရေးကို လေ့လာသုံး သပ်ကြည့်လျှင် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုလွန်စွာကြီးမားကြောင်းတွေ့ရသည်။ နိုင်ငံတော်၏ ပညာရေးဌာနတွင် တာဝန်ယူထားရသည့် ပညာရှင်များနှင့် အစိုးရအတွင်းရှိ မူဝါဒရေးဆွဲသူများသည် အောက်ပါ အချက်များကို အလေးထားရပါသည်။

- သင်ယူမှုအပေါ် သက်ရောက်မှုနှင့် အောင်မြင်မှု မည်မျှရှိနိုင်မည်နည်း

- လေ့လာစောင့်ကြည့်ပြီး အမြဲ အကဲဖြတ်နိုင်ပါမည်လား

- သာတူညီမျှ အားလုံးရနိုင်ပါ့မလား
- ကုန်ကျစရိတ်အရမ်းများနေမည်လား

- အကောင်းဆုံးလေ့ကျင့်ထားသူတွေ ရှိနေပြီလား

- သင်ကြားမှုအတွက် အထောက်အကူ ပြုနိုင်မည့် အထောက်အကူပြု ပစ္စည်းတွေ ပြည့်စုံပြီလား

- ဆရာတွေအလုံအလောက်ရှိပြီလား၊ သင်ကြားဖို့ အသင့်ဖြစ်နေပြီလား
- သင်ကြားရမည့် အကြောင်းအရာ၊ သင်ရိုးတွေရှိနေပြီလား

- မူဝါဒများ အခိုင်အမာ ချမှတ်ပေးပြီးပြီလား စသည့်အချက်များဖြစ်သည်။

ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကို တည်ဆောက်လိုပါလျှင် အိုင်စီတီဖြင့် ပညာရေးကို ပေါင်းစပ်ပေးနိုင်ရန် ကြိုးစား ရပါလိမ့်မည်။ သို့သော် ၂၁ ရာစုအလွန်ကတည်းက ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် ပညာရှင်တို့ နှုတ်ဆိတ်နေကြသည့် ပြဿနာများကို ဦးစွာဖြေရှင်းကြရန်လည်း လိုပါသေးသည်။ ထိုအချက်များမှာ -
- စာသင်နှစ်၊ စာသင်ချိန် လိုအပ်သည်ထက် ပိုများနေခြင်း

- ကျောင်းပြီးလျှင်ကျောင်းစနစ်ဖြင့် ကျူရှင်ဆက်တက်နေရခြင်း
- အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း ပီပြင်စွာ ခွဲခြားမဖော်ဆောင်နိုင်ခြင်း

- စာသင်ခန်းအရွယ်အစားကို မချုံ့နိုင်ခြင်း
- ဆရာအရည်အသွေးများကို ခေတ်မီအောင် ပီပြင်စွာမမွမ်းမံနိုင်ခြင်း

> သင်တန်းများတွင် အားနည်းခြင်း၊

> နိုင်ငံတကာအဆင့်မီ သင်နည်းစနစ်များကို မပြောင်းလဲနိုင်ခြင်း

> အရည်အချင်းရှိသူကို အရည်အချင်ရှိသလို ချီးမြှင့်မှုမရှိသဖြင့် ရေသာခိုသူများ ပေါလာခြင်း
> ဆုပေး ဒဏ်ပေးစနစ်အားနည်းခြင်း

> မလုပ်လျှင် ဖြုတ်နိုင်စွမ်းမရှိခြင်း
- ကျောင်းများတွင် ကွန်ပျူတာ၊ အင်တာနက် တပ်ဆင်ပေးနိုင်မှုနည်းပါးခြင်း

- ပညာရေးအဟောသိကံဖြစ်မှုများ၊ ပညာရေးဆုံးခန်းမတိုင်မီ ကျောင်းထွက်ရမှုနှုန်းများကို မလျှော့ချနိုင်ခြင်း
- အင်္ဂလိပ်စာတစ်မျိုးတည်းသင်မည်လော၊ အင်္ဂလိပ်နှင့် တိုင်းရင်းဘာသာစကားတွဲ သင်မည်လော၊ တိုင်းရင်း ဘာသာစကား သီးသန့်ဖြင့်သာသင်မည်လောကို မူဝါဒရေးဆွဲသူများကိုယ်တိုင် ပိုင်နိုင်စွာ မဆုံးဖြတ်နိုင်ခြင်း

- ခေတ်နှင့်အညီ ထူးချွန်သည့်လူငယ်များကို ဖော်ထုတ် မြှောက်စားပေးနိုင်မှု အားနည်းခြင်း
- သင်ရိုးနှင့် ပြဋ္ဌာန်းစာအုပ်များ ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်မှုမရှိခြင်း

- ပညာရေးတွင် ရံပုံငွေသုံးစွဲမှု၊ ထောက်ပံ့ ဖြည့်ဆည်းပေးနိုင်မှုများ အားနည်းခြင်းတို့ ဖြစ်သည်။
ခိုင်မြဲသော ပညာအခြေခံတည်ဆောက်ရန်ဆိုသည်မှာ အခြေခံကောင်းများရှိပါမှ အခြေခိုင်သော ပညာရေးစနစ်တစ်ခုကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ရှမ်းပြည် (မြောက်ပိုင်း) လားရှိုးခရီးစဉ်တွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်အား ဝေဖန်ထောက်ပြသွားသည်ကို ဆရာ ဆရာမများ သိထားသင့်ပါသည်။
         ဒုတိယသမ္မတက မြန်မာနိုင်ငံ ပညာရေးတွင် ကျောင်းသား၊ ဆရာအချိုး မညီမျှမှု၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများ စံချိန်မီ အရည်အသွေးညီမျှစေရေး၊ မြန်မာ့ပညာရေး၏ အားနည်းချက်၊ ကျောင်းသားကျောင်းသူများ၏ အလွတ်ကျက်နုတ်တိုက်ဖြေဆိုနေမှု၊ ကလေးဗဟိုပြုသင်ကြားရေး ထိရောက်မှု ရှိစေရန်၊ အတန်းရရန်သင်ကြားပေးနေရုံမျှဖြင့် ဆရာများတာဝန်ကျေပြီဟုမဆိုနိုင်ကြောင်းများ ပြောကြားသွားသည်။

ထို့ပြင် ဒုတိယသမ္မတပြောမှ သိလိုက်ရသည့်အချက်မှာ ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၏ အကြံပေးချက်များဖြစ်သည်။
ထိုအကြံပြုချက်များတွင်

၁။ အရည်အသွေး ပြည့်ဝသော ဆရာ၊ ဆရာမများနှင့် ကျောင်းသားအချိုး မျှတစေရန်
၂။ ကိုယ့်ကိုယ်ကို အားကိုးလိုစိတ် ရှိလာစေမည့်၊ သင်ကြားရာတွင် စူးစမ်းတီထွင်လိုစိတ်ရှိစေသည့် မေးခွန်းမေးတတ်သည့်
သင်ကြားနည်းမျိုး ဖြစ်စေရန်

၃။ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသည် ရှေ့ဆက်ပညာသင်ကြားရေးတွင် အရေးကြီးကြောင်း သိရှိလေ့လာစေရန်

၎။ ဘွဲ့ကြိုသင်ကြားရေးကာလ ယခုစနစ်တွင် တစ်နှစ်ပိုသင်ကြားပေးရန်

၅။ ၃ နှစ်အတွင်းမဟာဘွဲ့နှစ်ခု ရနိုင်သော စနစ်မျိုး ရှောင်ရှားရန်
၆။ နောက်ဆက်တွဲစာမေးပွဲမထားရန်

၇။ ကျူရှင်ပေးစနစ် မရှိစေရန်
၈။ သုတေသနလုပ်ငန်းများမှာ ကိုယ်တိုင်ကိုယ်ကျ အားစိုက်ထုတ်စေပြီး ဆရာ ဆရာများအပေါ် မှီခိုသည့် စိတ်ဓာတ် မျိုးရှောင်ရှားရန်

၉။ ပညာသင်ထောက်ပံ့ကြေးနှင့် တက္ကသိုလ် စကောလားရှစ်စနစ် ပြန်လည်ပေးအပ်ရန်
၁၀။ တက္ကသိုလ်အားကစားဆိုင်ရာများ ပို၍အားပေးရန် တို့ကိုပြောကြားသွားခဲ့သည်။

ပညာရေးတွင် ပြုပြင်ပြောင်းလဲမှဖြစ်တော့မည်ကို သိသဖြင့် လမ်းညွှန်သူတွေက ညွှန်နေသည်။ လက်ရှိ အစိုးရကျောင်းများဖြင့် ကန့်သတ်ထားသည့် အစဉ်အလာပညာရေးသည် ကမ္ဘာ့အဆင့် တက်လှမ်းနိုင်ရန် အလှမ်းဝေးလာသောကြောင့် ပုဂ္ဂလိကပညာရေးကို လမ်းဖွင့်ပေးလာရသည်။
          သို့သော် မြန်မာ့ပညာရေးတွင် ပြုပြင်ပြောင်းလဲရန်အချိန်ယူရမည့် ခေါက်ရိုးကျိုးနေသူများစွာကို ဦးစွာပညာပေးရန် လိုနေပါသေးသည်။ ထိုပြဿနာကို ပုဂ္ဂလိကကျောင်းများ၏ပြိုင်ဆိုင်မှုက တာဝန်ယူဖြေရှင်းသွားမည်ဆိုစေ ပုဂ္ဂလိကကျောင်းများ တွင် တက်ရောက်သင်ကြားနိုင်မည့် အလှမ်းဝေးနေသူများအတွက် အစိုးရကျောင်းများကတော့ ဆက်လက် တည်ရှိနေရဦးမည်သာ ဖြစ်သည်။

          သည်မိုး၊ သည်လေ၊ သည်လူတွေနှင့် အနာဂတ်ပညာရေး မည်မျှ အလှမ်းဝေး နေဦးမည်နည်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ဆိုသည့်ဆောင်ပုဒ်ကို ဘောင်လုပ်ကာ နေရာအနှံတင်လည်း မည်သူတွေက တည်ဆောက်ရမည်နည်း၊ မည်သည့်နည်းဖြင့် တည်ဆောက်ကြမည်နည်း၊ မည်သို့တည်ဆောက်ကြမည်နည်း ကွဲပြားစွာ မဆုံးဖြတ် မသုံးသပ်သေးသမျှ မြန်မာ့ ပညာရေးသည် မျှော်မှန်းတမ်းတ နွမ်းလျနေဦးမည်သာဖြစ်သည်။

တင်ညွန့်
 ဤဆောင်းပါးကို Independent Journal မှ ပြန်လည်မျှဝေပါသည်။